လောလောလတ်လတ် ကလေးမီးဖွားထားတဲ့ မိခင်များ နွေရာသီမှာ ကျန်းမာစေဖို့
ကလေးမွေးဖွားတယ်ဆိုတာ မိခင်အားလုံးအတွက် အတော်လေးကို ကြီးမားတဲ့ အခြေအနေတစ်ရပ်ပါ။ မီးဖွားပြီးချိန်မှာ နုနယ်လွန်းလှတဲ့ ရင်သွေးလေးကိုပဲ ဂရုစိုက်ဖို့လိုတာ မဟုတ်ပါဘူး။ မိခင်မှာလည်း ချုပ်ရိုးကျက်ဖို့ ကျန်းမာဖို့ကို ဂရုစိုက်ဖို့ လိုပါမယ်။ နောက်တစ်ချက်က မီးဖွားပြီးချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် အစစအရာရာ ဂရုစိုက်ဖို့ လိုမှာဖြစ်ပါတယ်။ အနေအထိုင် အစားအသာက်အားလုံးကို ဂရုစိုက်ဖို့ လိုမှာပါ။ အထူသဖြင့် အခုလို နွေရာသီမျိုးမှာပါ။
နွေရဲ့ အပူဒဏ်ကြောင့် မီးဖွားပြီးချိန်မှာ အားပြည့်ဖို့ လိုအပ်နေတဲ့ မိခင်ကို ထိခိုက်မှု ကင်းစေဖို့ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
နွေရာသီမှာ ပူပြင်းမှုကြောင့် မိခင်ရော ကလေးပါ သက်တောင့်သက်သာ ဖြစ်တာ မှန်ပေမယ့် သားအမိတွေ ကျန်းမာစေဖို့ဆိုရင် မိခင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒါကြောင့်
အစားအစာကို အာဟာရပြည့်ဝဝမျှတအောင် စားပါ
ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံးနဲ့ မီးဖွားချိန်မှာ ပင်ပန်းထားရတဲ့ ခန္ဓာကိုယ်ကို အားပြည့်ကျန်းမာစေဖို့အတွက် အစားအစားတွေကို အာဟာရပြည့်ဝအောင် စားပေးရပါမယ်။အခုလို နွေပူနေချိန်မှာဆိုရင်တော့ ရေဓာတ်ကြွယ်ဝတဲ့ အသီအနှံလေးတွေကို များများစားပးပါ။ နောက်တစ်ချက်က ထမင်း၊ ဂျုံကြမ်းပေါင်မုန့် စတာတွေကို စားပေးလို့လည်း ရပါတယ်။
အိပ်ရေးဝဝ အိပ်ပါ
မိခင်တစ်ယောက်အနေနဲ့ အားပြည့်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကလေး အိပ်ပြီဆိုတာနဲ့ ကိုယ်ပါ အိပ်ရေးဝအောင် အိပ်ပါ။ ကလေးလည် အိပ်ချိန်ပြည့်ဝဖို့ လိုသလိ မိခင်မှာလည်း အိပ်ချိန်ပြည့်ဝဖို့ လိုမှာပါ။
ကျန်းမာရေးစစ်ဆေးမှု ခံယူပါ
မီးဖွားပြီးချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဝင်မလာစေဖို့အတွက် ချုပ်ရိုးကစလို့ အမျိုးမျိုးသော အခြေအနေတိုင်းကို သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ ကလေးကို ရိုးရိုးမွေးထားတဲ့ မေမေတွေထက် ခွဲမွေးထားရတဲ့ မိခင်တွေက ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။
ဆီးသွားရတာ ပုံမှန် ဟုတ်/မဟုတ် စစ်ဆေးပါ
ရိုးရိုး မီးဖွားပြီးချိန်မှာ မွေးလမ်ကြာင်းနဲ့ သားအိမ်ခေါင်းတင် ထိခိုက်တာ မဟုတ်ပါဘူး။ မိန်းမကိုယ်မှာလည်း ထိခိုက်တာတွေ ရှိနိုင်ပါတယ်။ ဒီတော့ ဆီးသွားချိန်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားတာ ပုံမှန်ပဲလား။ ပူနေလား၊ နာလားစတာတွေကို ဆန်းစစ်ပါ။ ပုံမှန်မဟုတ်တဲ့ အခြေအနေ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ရေများများ သောက်ပါ
မီးဖွားပြီးချိန်မှာ ခန္ဓာကိုယ်အားပြည့်စေဖို့ရော ရင်သွေးလေးအတွက် လုံလောက်တဲ့ မိခင်နို့ချို ရရှိစေဖို့အတွက်ပါ မေမေက ရေများများ သောက်ပေးဖို့ လိုပါမယ်။ ဟင်းခါး၊ စွပ်ပြုတ်စတာတွေကို သောက်ပေးလို့လည်း ရပါတယ်။
အပူအစပ်တွေ ရှောင်ပါ
မီးဖွားပြီးချိန်က ကိုယ်ဝန်ဆောင်ချိန်ထက် အစားအစာကို ပိုဂရုစိုက်ရပါတယ်။ မီးဖွားပြီးချိန်မှာ အပူအစပ်တွေကို ရှောင်ဖို့ လိုသလို ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း ရှောင်ဖို့ လိုပါမယ်။ ဒါကြောင့် အပူအစပ် အမွှေးအကြိုင်တွေကို လုံးဝမစားမိဖို့ လိုပါမယ်။
သံဓာတ်ကြွယ်ဝတာတွေ စားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားပြီးချိန်မှာပါ သံဓာတ်ပြည့်ဝဖို့က အတော်လေး အရေးပါပါတယ်။ ဒါကြောင့် သွေးအားကောင်းစေဖို့ရာ မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့အတွက် သံဓာတ်ပြည့်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဘာတွေတည့်မလဲဆိုတာကိုတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
အသင့်စား အမြန်စားတွေကို ရှောင်ပါ
အသင့်စား အမြန်စား အစားအစာတွေက အာဟာရတန်ဖိုး မရှိသလောက် နည်းပြီး အချိုအငန်ကဲတာကြောင့် နို့တိုက်နေချိန်မှာ မစားဖို့ လိုပါမယ်။
ချည်သား ပွပွချောင်ချောင်လေး ဝတ်ပါ
မီးဖွားပြီးချိန်မှာ အပူဒဏ်ကြောင့် ပင်ပန်းတာမျိုး မဖြစ်စေဖို့ရော အပူနောက်ဆက်တွဲ ပြဿနာတွေကို မခံစားရစေဖို့ပါ ကာကွယ်တဲ့အနေနဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။
မီးဖွားထားတဲ့ မိခင်တို့ နွေရာသီမှာ ကျန်းမာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
မွန်မွန်